Wednesday, August 21, 2013

CV (Resume) ဘယ်လိုရေးကြမလဲ ?



အလုပ်လျှောက်တဲ့သူတွေအတွက် ဗဟုသုတ ရအောင် ရေးလိုက်တာပါ။

CV (Resume) ဘယ်လိုရေးကြမလဲ ?

ကျွန်တော်တို့ အလုပ်လျှောက်ရင် များသောအားဖြင့် မိတ္တူဆိုင်သွား... ပြီးရင် အသင့်ပြင်ထားတဲ့ ကိုယ်ရေးရာဇဝင် ဆိုတဲ့ စာရွက်လေးဝယ်ပြီး ဖြည့် ... ပြီးရင် လျှောက်ချင်တဲ့ ကုမ္ပဏီကို သွားတင်လိုက်တာပါပဲ။

ပြီးခဲ့တဲ့ 2012 Barcamp (Yangon) မှာတုန်းက MHR က ဆရာဦးအေးကျော် ပြောသွားတာလေးကို ပြန် Share ချင်ပါတယ်။ CV ဆိုတာဟာ အလုပ်ခေါ်တဲ့ ကုမ္ပဏီဟာ အလုပ်လျှောက်တဲ့သူ ကို မမြင်ရခင်မှာ CV ကို အရင်ဖတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ CV ဟာ ကိုယ့်ကို အလုပ်ခေါ်ချင်အောင် (Interview ခေါ်ချင်အောင်) ဆွဲဆောင်မှု ရှိဖို့ ပြည့်စုံဖို့ လိုအပ်ပါတယ်။

ဒီမှာ အလုပ်လျှောက်ကြရင် 90% ကျော်ဟာ Cover Letter ကိုမရေးကြပါဘူး။ Cover Letter ဆိုတာက Introduction Letter သဘောမျိုးပါပဲ။ ကိုယ်ရေးရာဇဝင် ပါတဲ့ အကြောင်းအရာတွေကို စာကြောင်းတွေနဲ့ အကျိုးသင့် အကြောင်းသင့် ရှင်းသင့်တာ ရှင်းပြီးတော့ ကိုယ်ဘာကြောင့် ဒီကုမ္ပဏီကို အလုပ်လျှောက်ချင်တဲ့ အကြောင်းကို ရေးကြတာပါ။ ဒါမှ ကုမ္ပဏီဟာ သူတို့ကုမ္ပဏီကို ဘာဖြစ်လို့ အလုပ်လုပ်ချင်တယ်... ကိုယ်ဘာတွေ လုပ်ခဲ့တယ်။ ဘာတွေ လုပ်နေတယ် ဆိုတာတွေ သိမှာပါ။

နောက်တစ်ခုက CV ရေးတာပါ။ CV ရေးတဲ့နေရာမှာ အကြမ်းဖျဉ်း (၂) ပိုင်းခွဲပါတယ်။ အလုပ်အတွေ့အကြုံ ရှိတဲ့သူတွေ အတွက်ရယ် မရှိတဲ့သူတွေအတွက်ပါ။

အလုပ်အတွေ့အကြုံရှိတဲ့သူတွေက သူတို့မှာ ရှိခဲ့ပြီးသား လုပ်ငန်းအတွေ့အကြုံကို အလေးပေးပြီး ရေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီတွေက လုပ်ငန်းအတွေ့အကြုံ ရှိပြီးသားသူတွေကို ပိုလိုချင်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ ရှိပြီးသားဆိုတော့ အချို့ရုံးလုပ်ငန်းတွေကို ပြန်သင်ပေးစရာ မလိုတော့သလို၊ ဒီလုပ်ငန်းနယ်ပယ်ပေါ်မှာပဲ ဖြစ်ရင် သူနဲ့ ရင်းနှီးကျွမ်းဝင်နေပြီးသား ဖြစ်နေလို့ပါ။

လုပ်ငန်း အတွေ့အကြုံ မရှိတဲ့သူတွေကတော့ လုပ်ငန်းအတွေ့အကြုံကို အလေးပေးစရာ မရှိတဲ့အတွက် ကိုယ်တက်ကျွမ်းတဲ့ ပညာရပ်တွေ တက်ခဲ့တဲ့ သင်တန်းတွေကို ပိုပြီး အလေးပေးရပါတယ်။ အသက်ငယ်သေးရင် ကျောင်းပြီးပြီးချင်း အလုပ်ဝင်မယ်။ အလုပ်ဝင်ဖို့အတွက်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ပုံစံမျိုးပါ။ ပြီးတော့ တခြားသော လူမှုရေး အသင်းအဖွဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ရင်လည်း ထည့်ရေးလို့ရပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေက အဲ့ဒီ လူမှုရေး လုပ်ငန်းလုပ်ကိုင်တာကို သဘောကျကြပါတယ်။ လူအများနဲ့ လုပ်ကိုင်တဲ့အချိန်မှာ အဆင်ပြေမယ်လို့ ယူဆပါတယ်။ ပြီးတော့ Professional အဖွဲ့အစည်းတွေမှာ အသင်းဝင်ထားရင်လည်း ထည့်လို့ရပါတယ်။ ဥပမာ - ကျွန်တော်ဆိုရင် Computer နဲ့ ဘွဲ့ရထားတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း (MCPA) မှာ အသင်းဝင်ထားရင် အဲ့ဒါကိုလည်း ထည့်ပေးလို့ရပါတယ်။ ဒါဟာ ဘာကိုပြသလဲ ဆိုရင် ကိုယ့်ရဲ့ အရည်အချင်းက ဒီ Professional အသင်းတွေက အသိအမှတ်ပြုပေးထားတယ်ဆိုတဲ့ သဘောပါ။

နိုင်ငံခြား ကုမ္ပဏီတွေကို လျှောက်မယ်ဆိုရင် အင်္ဂလိပ်လို ရေးရင် ပိုအဆင်ပြေပါတယ်။ အခုဆိုရင် Telenor တို့ ဝင်လာပြီး သူတို့ မြန်မာနိုင်ငံအတွက် Management Team ဖွဲ့ပြီးသွားပြီး CEO ကစလို့ တခြား Chief တွေ အကုန် နိုင်ငံခြားသားတွေ ခန့်ထားတာပါ။ အခု Head of Department တွေ ခေါ်နေပြီ။ HOD တွေမှာလည်း နိုင်ငံခြားသား ထပ်မပါလာဘူးလို့ မပြောနိုင်ပါဘူး။ ဒီတော့ ကိုယ့် အင်္ဂလိပ်စာ တက်ကျွမ်းတယ်ဆိုတဲ့အကြောင်းကို CV ကို အင်္ဂလိပ်လို ရေးတာ ပိုကောင်းပါတယ်။

ကိုယ့် CV ပြည့်စုံစေဖို့အတွက် တစ်ခါတည်း ဘွဲ့လက်မှတ် မိတ္တူတွေ၊ သင်တန်းအောင်လက်မှတ် မိတ္တူတွေ တစ်ခါတည်း ထည့်ပေးလိုက်ပါ။ မိတ္တူဆွဲရင်လည်း ကြည်တောက်ရှင်း အကောင်းဆုံး အနေအထားရအောင် ဆွဲပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သင်တန်းအောင်လက်မှတ် အများစုက အရောင်တွေနဲ့ပါ။ ဒါကို မိတ္တူ ဆွဲလိုက်ရင် ကြည့်ရဆိုးလောက်အောင် မဲနေတာတွေ ဖြစ်တက်လို့ပါ။ နောက်ဆုံး စာရွက်ထုတ်တော့မယ် ဆိုရင် စာရွက် အကောင်းဆုံးနဲ့ Print ထုတ်ပါ။ ဒါဟာ ကိုယ့်အပေါ် Impression တက်မယ့် နည်းတစ်ခုပါပဲ။ Print ထုတ်ပြီးရင် Cover Letter, CV, ဘွဲမိတ္တူတွေ အားလုံးကို တုတ်ဖိုင် နဲ့ တွဲပေးပါ။ ဒါဟာ ကိုယ့်ကို ဒီအလုပ်မှာ တကယ်လုပ်ချင်လို့ သေချာလုပ်ထားတာလို့ သူတို့ ထင်မြင်သွားပါတယ်။

ဒါတွေလုပ်ရတာ အလုပ်ရှုပ်တယ်လို့ မထင်လိုက်ပါနဲ့။ အလုပ်ရရင် ကိုယ့်အတွက်ပါပဲ။ ကိုယ်က အရည်အချင်းရှိပြီးတော့ CV မကြိုက်လို့ Interview မခေါ်တဲ့သူတွေ ရှိပါတယ်။ ဒီအတွက် ကိုယ့်အတွက် အခွင့်အရေး လက်မလွှတ်ရအောင် အလုပ်လျှောက်လွှာကို အကောင်းဆုံး ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

#MyanmarMobile

No comments:

Post a Comment